မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်မျိုးစုံဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ၌ တောင်သူများအား မျိုးစေ့ချကိရိယာများ အခမဲ့ပေးအပ်

ဘားအံ ဇွန် ၁၇

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်မျိုးစုံဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး တောင်သူများအား မျိုးစေ့ချကိရိယာများ အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သမ္ဘာန်ကျေးရွာ၊ ကွင်းအမှတ် (၁၄၁၈/ဃ)၊ သမ္ဘာန်ရွာကွင်းရှိ တောင်သူ ဦးလှဝင်းပါ (၃) ဦး၏လယ် (၂၀) ဧက၌ စက်မှုလယ်ယာဦးစီးဌာနမှ ၆ တန်းသွား Kubota ကောက်စိုက်စက်ကြီး ၂ စီး၊ ၆ တန်းသွားလက်ဆွဲကောက်စိုက်စက် ၃ စီး၊ ၈ တန်းသွား မျိုးစေ့ချကိရိယာ ၁၀ လက်၊ Kubota 50 ထွန်စက်ကြီး ၁ စီးတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါစိုက်ဧကများအနီးရှိ တောင်သူဦးကျောက်လုံး၏ တစ်နိုင်တစ်ပိုင်မွေးမြူထားသော ဘဲ၊ နွား၊ ဝက်မွေးမြူရေးခြံအား ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့်ကုသရေဦးစီးဌာနမှ အခမဲ့ပေးအပ်သော တိရစ္ဆာန်သုံး ဆေးဝါးများနှင့် အာဟာရဆားခဲများကို ပေးအပ်ချီးမြှင့် ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှတက်ရောက်လာသော သမ္ဘာန်၊ သပုထို၊ ထီလုံ၊ နောင်သငဲ့ကျေးရွာများမှ တောင်သူလယ်သမားများအား သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေဩဇာလျော့ချ သုံးစွဲနိုင်သော နည်းလမ်းများ၊ EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်သုံးစွဲပုံအဆင့်ဆင့်နှင့် စပါးခွံဖွဲပြာ သဘာဝမြေဩဇာပြုလုပ်သုံးစွဲပုံအဆင့်ဆင့်တို့ကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အမှန်တကယ် ပြန်လည်ပြုလုပ် သုံးစွဲကြမည့်တောင်သူများအား EM အရည်များကို အခမဲ့ချီးမြှင့်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်က ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းတိုးသည့် သဘာဝမြေဩဇာများကို အမှန်တကယ်ပြန်လည် ပြုလုပ်သုံးစွဲကြရန်၊ ဒေသခံတောင်သူများအနေဖြင့် လုပ်သားရှားပါးမှုကို ဖြေလျော့သောအားဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုကြရန်၊ တစ်ဧကကောက်ကွက်ပြည့်မီရေး စပါးအထွက်နှုန်းကောင်းမွန်စေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တောင်သူများအား ၈ တန်းသွားလက်ဆွဲမျိုးစေ့ချကိရိယာ ၈၀ လက်ကို အခမဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအနီးရှိ ရွာသာအေး မွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုအားပေးရာ ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီက ဇုန်ဆိုင်ရာအချက်အလက်များ၊ ဇုန်၌မွေးမြူထားရှိမှု အခြေအနေနှင့် တစ်နှစ်အတွင်းမွေးမြူထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော မွေးမြူရေးတောင်သူများက မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်သုံး ဆေးဝါးများနှင့်အာဟာရဆားခဲများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာသာအေးမွေးမြူရေးဇုန်အတွင်းရှိ တောင်သူ ဦးသောင်းဝေ၏ အသားစားကြက် ၁၀၀၀ ကောင် မွေးမြူရေးခြံ၊ တောင်သူ ဦးသိန်းဇော်ထွေး၏ ဥစားကြက် ၁၀၀၀ ကောင်၊ တောင်သူဦးထက် အောင်လှိုင်၏ မျိုးဝက် ၁၂ ကောင် မွေးမြူရေးခြံများအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)