မူဆယ် ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပန်းစုံရွှေပြည် ကိုယ်ပိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများပူးပေါင်း၍ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ ပြပွဲပြခန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့တွင် ပန်းစုံရွှေပြည် ကိုယ်ပိုင်ကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကာ၊ ကျောင်းအတွက် ဘောလုံးများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လူငယ်နှင့်စာပေ၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းကလူငယ်နှင့် မူးယစ်ဆေး၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဉ်များဖြင့် အသီးသီးဟောပြော ဆွေးနွေးခဲ့ကြပြီး၊ ကိုယ်ပိုင်ကျောင်းမှ ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှု မှတ်သားကြကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)