ပျော်ဘွယ် ဇွန် ၁၇
မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ယခုနှစ် နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံများ၊ ဆည်ကန်များမှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးနှင့် စီမံကိန်းဝင် နွေသီးနှံအမျိုးမျိုးတို့အတွက် စိုက်ပျိုးရေပေးဝေခဲ့ရာ ယနေ့အချိန်တွင် သီးနှံစိုက်ခင်းများ အောင်ရေရရှိအောင် ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ နွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေဖြန့်ဝေပေးလျက်ရှိရာ ရမည်းသင်းမြို့နယ်မှ သစ်ဆုံရေလှောင်တမံ၊ ကတင်ကန်၊ ကျီးနီကန်၊ သားတစ်ရေလွှဲဆည်၊ ပျော်ဘွယ်မြို့နယ်မှ ချောင်းမကြီးဆည်၊ နတ်ကာဆည်၊ ချောင်းကောက်ဆည်၊ ငန့်ဇင်းကန်တို့မှ စိုက်ခင်းများအောင်မြင်သည်အထိ အောင်ရေပေးဝေခဲ့ရာ ခရိုင်အတွင်း နွေစပါး ၅,၀၈၄ ဧက၊ စီမံကိန်းဝင်နွေသီးနှံမျိုးစုံ ၅,၄၂၃ ဧကတို့အား အောင်ရေများပေးဝေနိုင်ခဲ့ပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)