ရမည်းသင်းမြို့နယ် အ.မ.က ဝါတိုးအနောက်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ရမည်းသင်း ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုဟုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ယဥ်သူသူလင်းက ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ငယ်စဥ်ကတည်းက စာများများဖတ်ကြပါရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းစာများတွင်သာမက ပြင်ပဗဟုတရရှိစေမည့် စာပေများကို ဖတ်ရှု့လေ့လာခြင်းအားဖြင့် လူတော်လူကောင်းများဖြစ်လာပြီး တိုင်းပြည်အနာဂတ်အတွက် အားကိုးအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ထွန်းလာစေရန်အတွက် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ရရှိစေမည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသဖြစ်စေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဟိန်းပြည့်ဇော် (ပြန်/ဆက်)