မြစ်သား ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ကင်းတား ရေလှောင်တမံဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကာ တစ်ပိုင်တစ်နိုင်ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းး မြစ်သားမြို့နယ်ရစ်ကန်ကျေးရွာရှိ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဖူးစားပြောင်းများစိုက်ပျိုးရာတွင် ကြဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်းစသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများပြုလုပ်ပေးနိုင်သည့်အတွက် ဖူးစားပြောင်းပင်များ ပို၍ရှင်သန်ကြီးထွားပြီး အဖူးများကို လည်းချောစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေတစ်သောင်းဝန်းကျင်ရှိပြီး တစ်ပင်ကို သုံးဖူး/လေးဖူးအထိရှိနိုင်သည်။ ဝတ်ဆံများကြွေလွင့်ပျက်စီးမှုမရှိစေရန် အထူးဂရုစိုက်ပေးရကြောင်း၊ ဝတ်ဆံများ ပျက်စီးကြွေကျပါက ပြောင်းဖူးစေ့အောင်မြင်မှု လျော့ကျသွားနိုင်ကြောင်းနှင့် ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် ဖူးစပြုပြီး ၃လအကြာတွင် ခုတ်၍ ရောင်းချနိုင်ကြောင်း၊ လတ်တလောတွင် ဒေသစျေးနှုန်းလက်လီတစ်ဖူးလျှင် ကျပ် ၇၅၀၊ လက် ကားတစ်ဖူးလျှင် ကျပ် ၅၅၀ နှုန်းဖြင့် ရောင်းချရကြောင်း နှစ်စဉ်ဖူးစားပြောင်းစိုက်ပျိုးသူ တောင်သူတစ်ဦးက ရှင်းပြသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့များပံ့ပိုးပေးအပ်ခြင်း၊ သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)