မန္တလေး ဇွန် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကျင်းပသော ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၊ ဌေးသန်းမြင့်ခန်းမ၌ ဇွန်လ ၁၄ ရက်နံနက်ကိုးနာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ဦးဆောင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းဝင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်းဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြို့နယ်ဒုတိယလျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးအောင်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအကျိုးပြုမေးခွန်းများ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီးနောက် ရပ်ကွက်နေ ပြည်သူများကိုယ်စား သီရိမာလာအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးကျော်ဆန်း(ခ) ဦးညီညီ၊ ဦးမျိုးမြင့်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခန့်သွင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)