တောင်ကြီး ဇွန် ၁၇
သူနာပြုသိပ္ပံ(တောင်ကြီး) သူနာပြု-သာဖွားဒီပလိုမာ (၃) နှစ်သင်တန်း သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ဇွန်(၁၆)ရက် နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ သူနာပြုသိပ္ပံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူလေးများက ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်းကြီးကို ၁၉၆၅-ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၆-ခုနှစ် ဧပြီလမှ စတင်၍ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုအပတ်စဉ်(၅၁)တွင် သင်တန်းသား၊ သင်တန်းသူ (၇၃) ဦး တက်ရောက်လျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လက်တွေ့နယ်ပယ်တွင် လူနာများအား လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲခြားဘဲ သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်ပါကြောင်း၊ ယနေ့ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပွဲမှစ၍ သူနာပြုဘဝ လျှောက်လှမ်းနေစဉ်ကာလတစ်လျှောက်လုံး အများကချစ်ခင်လေးစားသည့်၊ လူတိုင်းအပေါ် စေတနာမေတ္တာထားနိုင်သည့် တိုင်းရင်းသား ပြည်သူလူထုအတွက် အားကိုးအားထား ပြုနိုင်သူများဖြစ်ကြပါစေကြောင်း၊ Professional Development နှင့် Personal Development အတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် သူနာပြုသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီးက ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြသည်။
၎င်းနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများက ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် အေးသာယာမြို့ တိုင်းရင်းဆေးရုံသို့ သွားရောက်ပြီး တိုင်းရင်းဆေးရုံခန်းမ၌ပြုလုပ်သည့် ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ၏ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်မည့်လုပ်ငန်းများတွင် လုပ်ငန်းအမျိုးအစားပေါင်း (၉)ခုအတွက် ကုမ္ပဏီ(၁၅)ခုမှ တင်ဒါတင်သွင်းခဲ့ကြပြီး တင်ဒါစိစစ်ရေးအဖွဲ့မှ စနစ်တကျဖွင့်ဖောက်စစ်ဆေးခဲ့သည်။
တင်ဒါဖွင့်ပွဲအပြီးတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် တိုင်းရင်းဆေးနည်းဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသည့် ဝေဒနာရှင်များအား လိုက်လံအားပေးကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် နည်းပညာ တက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက်ကြည့်ရှုအားပေးသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးသည် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး၊ ဂေဟာမှကလေးငယ်များ အတွက် အဝတ်အစားသေတ္တာပုံး (၃၇) လုံးကိုပေးအပ်ရာ ဂေဟာမှကလေးငယ်များက လက်ခံရယူ ကြသည်။ ဆက်လက်၍ ပရဟိတဂေဟာအတွက် အလှူငွေများကိုလည်းကောင်း၊ စားသုံးရန် ပဲဆီတစ်ပုံးကိုလည်းကောင်း၊ ပရဟိတဂေဟာရှိ အိပ်ဆောင်အတွင်း ခင်ကျင်းနိုင်ရန် ကော်ဇောအား လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ကလေးငယ်များ ပညာသင်ကြားရာတွင် အဆင်ပြေ စေလွယ်ကူစေရန်အတွက် လှူဒါန်းသည့် သစ်သားစာသင်ခုံတွဲရှည် (၃၀) လုံးအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်နှင့် အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ ဂေဟာတာဝန်ရှိသူများမှ လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပရဟိတဂေဟာအတွင်းရှိ ကလေးငယ်များ၏ အိမ်ခန်းဆောင်နှင့် စားဖိုဆောင်တို့အား လှည့်လည်ကြည့်ရှုရာတွင် ဂေဟာမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ