သီပေါ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစိတ်(သီပေါ)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးစုမာလာက ဟောပြောပွဲပြုလုပ် ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ခင်နီလာစိုးက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနစိတ်(သီပေါ)မှဒုရဲအုပ်ကျော်ဇင်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအောင်ဖြူဦးက အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒု - လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ရှိန်က “လူငယ်နှင့်အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “အနာဂတ်ကို တည်ဆောက်ဖို့ မွေးမြူရေး ပညာသင်ကြစို့”အသိပညာပေးလက်ကမ်းစာစောင်နှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနစိတ် (သီပေါ)မှ “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း”အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာနှင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများကစိတ်ပါဝင်စားစွာလေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း ၊ အသိပညာ ပေးဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ(၂၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်