ထားဝယ် ဇွန် ၁၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် ပညာရေးသည် အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစပြီး “မ” သုံးလုံးပညာရေးစနစ် လို့ခေါ်သည့် မသင်မနေရ မူလတန်းပညာရေးစနစ်ကိုအစပျိုးခဲ့ကာ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းအဆင့်၊၂၀၁၅-၂၀၁၆ ပညာသင် နှစ်မှစ၍အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကိုပါ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်ပြီး အမှန်တကယ် ကျောင်းနေရန်အခက်အခဲရှိသော ချို့တဲ့နွမ်းပါးသူများကို ပညာသင်စရိတ်ပေးအပ်လျက်ရှိသည်မှာ ယနေ့အထိဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အသိ ပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော ပညာတတ်များပေါများလာ စေရေး၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူမှု အခွင့်အလမ်းရရှိရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ကျောင်းနေအရွယ် ကလေး တိုင်းကိုစာတတ်ရုံမျှသာမက မိမိနိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးသောစိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကိုတန်ဖိုးထား ထိန်းသိမ်းလိုစိတ်များဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ နောင်လာမယ့်ပညာသင်နှစ်တွင်လည်းယခုနှစ်ထက်ပို၍ ပညာသင်စရိတ်များပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာသင်ကြားနေသော ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ အနေဖြင့်လည်းစာမေးပွဲများကို ထူးချွန်အောင်မြင်ရေးကြိုးစားသင်ယူကြစေလိုကြောင်း၊ မိဘများအနေဖြင့်လည်း “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ”ဆိုသည့်အတိုင်း မိမိတို့၏ သားသမီးများပညာရေးတွင် ထူးချွန်လာအောင်ကူညီဆောင်ရွက်ပေးကြရန်နှင့် ကလေးများသည်လည်း အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးရပြီး ထွန်းလင်းတောက်ပသောကြယ်ပွင့်ကလေးများ ဖြစ်လာပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Online သင်တန်းများအပါအဝင် တက္ကသိုလ်အဆင့် ပညာသင်ကြားနေသူ ဝန်ထမ်း(၄၃) ဦး၊ဝန်ထမ်းသားသမီး(၁၃)ဦး၊ အထက်တန်းအဆင့်(၁၀)ဦး၊ အလယ်တန်းအဆင့်(၂၂)ဦး၊မူလတန်းအဆင့်(၅၃)ဦး၊ မူကြိုအဆင့် (၈)ဦး၊ စုစုပေါင်း(၁၄၉)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် စုစုပေါင်း (၁၃,၀၈၀,၀၀၀/-)(ကျပ်တစ်ရာ့သုံးဆယ်သိန်းရှစ်သောင်းတိတိ)အား ချီးမြှင့် ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သီးခြားတွေ့ဆုံ၍ အမှာစကားပြောကြားကာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားပြီး တာဝန်ရှိသူများအား ဆန်၊ ဆီ၊ ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)