တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း စီမံကိန်းဆောင်ရွက်မည့်အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇွန်  ၁၅

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် Gulf Petroleum Myanmar Co.,Ltd တို့မှ မင်းရဲသူ စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မြန်မာနိုင်ငံရေရှည် တည်တံ့ခိုင်မြဲပြီးစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်စွမ်းအင်လုံခြုံမှုသည် အရေးကြီးသော အုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းအရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်းသည် အမျိုးသားစွမ်းအင်ကဏ္ဍကို မြှင့်တင်ပေးရုံသာမက ပြည်တွင်းပို့ကုန်များကိုပါ ယုံကြည်စိတ်ချရသောစွမ်းအင်ဝန်ဆောင်မှုများကြောင့် စက်မှုလက်မှုလုပ်ငန်းအနေဖြင့် ဒေသခံလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများကိုအလေးထားဆောင်ရွက်ပေးလျက်ရှိပြီး ဂေဟစနစ်ရေရှည် ထိန်းသိမ်းဖွံ့ဖြိုးတိုးတက်ရေး၊ဇီဝမျိုးစုံ မျိုးကွဲများကာကွယ်စောင့်ရှောက်ရေး၊ ဒေသခံရေလုပ်သားများ၏ လူမှုစီးပွားရေးဘဝ ထိခိုက်မှုမရှိစေရေးကိုလည်း အလေးထားလျက်ရှိကြောင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သည့်အခါတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုများကို အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် အဏ္ဏဝါဇီဝမျိုးကွဲမျိုးစုံသော ဒေသဖြစ်ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်သည့်အခါ ဂရုပြုဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့အတူဒေသခံပြည်သူလူထု၏အဓိက အသက်မွေးဝမ်းကြောင်းဖြစ်သော ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းကဏ္ဍ၊ ငါးဖမ်းလှေများအားထိခိုက်မှုမရှိစေဘဲ  ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တူးဖော်ခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အကျိုးရှိသော စီမံကိန်းဖြစ်ပြီးအရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် bGulf Petroleum Myanmar Co.,Ltd တို့မှ တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအကြောင်းနှင့် ဆောင်ရွက်မှုအဆင့်ဆင့်၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)