မြိတ် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်(၁၄)ရက်နံနက်ပိုင်းက မြိတ်မြို့ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းမြို့နယ်များရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာ၊ မျိုးစေ့ချကိရိယာများနှင့် အကျိုးဆောင်ခြံရှင်များအား ကော်ဖီ၊ ကိုကိုးနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ပေးအပ်ပွဲတက်ရောက်သည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူသားများ၏ အသက်ရှင်ရပ်တည်မှုအတွက် အခြေခံ အကျ ဆုံးလိုအပ်ချက်သည် စားနပ်ရိက္ခာဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေး၏ အခြေခံသည် စိုက်ပျိုးရေးကဏ္ဍဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရန် အဓိကကျသည့်လုပ်ငန်း တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခင်နှစ်က စပါးတစ်ဧကအထွက်နှုန်း (၇၄)တင်းထွက်ရှိ၍ ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၉ ဒသမ ၅၃) ရာခိုင်နှုန်းသာရှိကြောင်း၊ ဒေသဝမ်းစာဖူလုံမှုရရှိစေရန် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားစွာရရှိရန် တောင်သူဦးကြီးများနှင့် ဌာနဆိုင်ရာများပူးပေါင်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် စပါးစိုက်ပျိုးရေးအပြင် ဥယျာဉ်ခြံသီးနှံနှင့် နှစ်ရှည်ပင်စိုက်ပျိုးရေးမှာလည်း အလားအလာအလွန်ကောင်းမွန်သည့် ဒေသဖြစ် ကြောင်း၊ ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် သီးနှံလိုအပ်ချက် မြင့်မားနေပြီး စီးပွားရေးအရ အလွန်တွက်ခြေကိုက်သည့် ကော်ဖီ၊ ကိုကိုးနဲ့ အရည်အသွေးမြင့် ခြံသီးနှံများစိုက်ပျိုးမှုကို တိုင်းဒေသကြီးအတွင်းမှာ အရှိန်အဟုန်ဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းထိုက်က မြိတ်ခရိုင်အတွင်း မြို့နယ်များရှိ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာ၊ မျိုးစေ့ချကိရိယာများနှင့် အကျိုး ဆောင်ခြံရှင်များအား ကော်ဖီ၊ ကိုကိုးနှင့် ဥယျာဉ်ခြံသီးနှံ ပျိုးပင်များပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကျေးရွာ (၄)ရွာရှိ အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး(၁၂၀ဝ)တင်း၊ ကွန်ပေါင်း မြေဩဇာ အိတ် (၆ဝဝ)၊ သဘာဝမြေဩဇာ အိတ် (၁၂ဝဝ)၊ မျိုးစေ့ချကိရိယာအလက် (၉၀)၊ နှစ်ရှည်သီးနှံစိုက်(၄)မြို့နယ်မှ အကျိုးဆောင်ခြံရှင်များအတွက် နှစ်ရှည်သီးနှံ(၉)မျိုး ပျိုးပင်(၉၉၀၀)ကို အကျိုးဆောင်တောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပေးအပ်ကြသည်။
ထို့မှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသထွက်ကုန်ကြမ်းများဖြင့် တန်ဖိုးမြင့် ထုတ် ကုန်များထုတ်လုပ်လျက်ရှိကြသည့် MSMEs လုပ်ငန်းများအား သွားရောက်ကြည့်ရှု အားပေးကြရာ ပထမဦးစွာ ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်အိမ်နှင့် ငှက်သိုက် ထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့ကြပြီး မြိတ်ကျွန်းစု ပင်လယ်ကမ်းခြေများမှ ထွက်ရှိသည့် အော်ဂဲနစ် သဘာဝအုန်းသီးဖြင့် ကျန်းမာရေးအထောက်အကူပြု ဓာတ်စာအဖြစ် သောက် နိုင်/သုံးနိုင်သည့် အုန်းဆီထုတ်လုပ်သည့်စက်ရုံနှင့် ထုတ်ကုန်များကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး၏ ထူးခြားသည့်သစ်တောထွက် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုပြီး ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့် ကမ်းဇော်ပင်မှထွက်ရှိသည့် ကမ်းဇော်အစေ့မှ ကမ်းဇော်ဆီထုတ်လုပ်နေသည့် မေကမ်းဇော်ဆီစက်ရုံသို့ သွားရောက်၍ ကမ်းဇော်ဆီထုတ်လုပ်မှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ MSMEs လုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်တိုးတက်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းသည်။
ယင်းနောက် မြိတ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအစည်းအဝေးခန်းမတွင် ဆရာဝန်များနှင့် သူနာပြုများအား တွေ့ဆုံပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံဆိုသည်မှာ အခြေခံလူတန်းစားများ အားကိုးအားထားရာနေရာတစ်ခုဖြစ်ကြောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူတဲ့ ပြည်သူများအား အတတ်နိုင်ဆုံးကျန်းမာရေး စောင့်ရှောက်မှုပေးစေလိုကြောင်း၊ လူတန်းစားအများစုက ဆေးရုံကြီးကို အားကိုးပြီးလာရသည့် အနေအထားဖြစ်၍ ပြည်သူများအား အတတ်နိုင်ဆုံး အကောင်းဆုံးဝန်ဆောင်မှုပေးကြရန် မှာကြားလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း လိုအပ်များများကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီးက ဆေးရုံဆိုင်ရာအချက်အလက်များနှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆေးရုံဆေးပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၁၀၀) လှူဒါန်းပေးအပ်သည်။ ထို့နောက် ဆေးရုံတက် ရောက် ဆေးကုသမှုခံယူနေသည့် ဝေဒနာရှင်များအား သွားရောက်ကြည့်ရှုအားပေးစကားများပြောကြားပြီး ဝေဒနာ ရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ချီးမြှင့်ငွေများ ပေးအပ်ကြ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ CT Scanner စက်နှင့် ကျောက်ကပ်သွေးသန့်စင်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )