မောက်မယ် ဇွန် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများ လိုက်ပါလျက် စဉ့်ဆိုင်ကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာ၌ ကျင်းပသော ပြည်နယ်ငွေလုံးငွေရင်း ရံပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် မြေဩဇာထောက်ပံ့ပေးခြင်းအခမ်းအနားသို့ ဇွန် ၁၄ ရက် နံနက် ၉ နာရီခွဲက တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက လမ်းညွှန်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်သည် ရေမြေသဘာဝကောင်းမွန်သောကြောင့် စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ သီးနှံအစုံအလင်စိုက်ပျိုးနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ နှစ်စဉ်နှင့်အမျှ တိုးတက်လာသည့် လူဦးရေအတွက် စားရေရိက္ခာဖူလုံနိုင်ရန် အဓိကကျသည့် ဆန်စပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ တစ်ဧကအထွက်နှုန်း ကောင်းမွန်ရန် ပန်းတိုင်အထွက်နှုန်း ရရှိရန် မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဌာန၊ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးပဲပုပ် မျိုုးသန့်ပွား စံပြစိုက်ခင်းအတွင်း လှည့်လှည်ကြည့်ရူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော (VDP) ကျေးရွာကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့က အမှာစကားအသီးသီးပြောကြားပြီး တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးတို့က လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်ပိုကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြစ်သည့် ငွေကျပ်သိန်း (၁၅၀) နှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြစ်သည့် ငွေကျပ်သိန်း (၁၅၀) နှင့် အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းပေါ်ရှိ တံတားအထူးအဖွဲ့ (၁၂) မှ တာဝန်ယူတည်ဆောက်နေသော ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း(၂၄၀)ပေ (ကျောင်းခုံ)တံတားနှင့် ပေ၇၀xပေ၃၀(၂)ထပ်ကျောင်းဆောင်တည်ဆောက်နိုင်ရေး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စျေးတန်း၏ မြေနေရာအား သွားရောက်ကြည့်ရှုပြီး ဝန်ကြီးနှင့် အဖွဲ့များသည် (၁၅-၅-၂၀၂၆) ရက်နေ့တွင် ပျံလွန်တော်မူသွားသည့် ပရိယတ္တိပါဒကစာသင်တိုက်ကျောင်း၏ ဦးစီးပဓာနနာယကဆရာတော် မြို့နယ်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တစန္ဒိမာ (သာသနဓဇဓမ္မာစရိယ) သက်တော် (၉၀) သိက္ခာတော် (၇၀) ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပန ရုပ်ကလာပ်တော်အား ဖူးမျော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး အန္တိမအဂ္ဂိစျာပနအခမ်းအနားကျင်းပသည့်နေရာသို့ လိုက်ပါပို့ဆောင်တက်ရောက်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများသည် တာဝန်ရှိသူများ လိုက်ပါလျက် ပန်းတန်ကျေးရွာအုပ်စု၊ လွိုင်ဆမ်ဆစ်ကျေးရွာ၌ ၂၀၁၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ကို ကွင်းဆင်းကြည့်ရူရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးများသည် တာဝန်ရှိသူများလိုက်ပါလျက် ပွန်ချောင်းတံတားသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်း၊ ဆိုက်ခေါင်-ပွန်ချောင်း-ဟိုနမ့်-ပန်တောင်လမ်းခွဲအပိုင်းအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)