ဗိုလ်တထောင် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က ကျောင်းသား၊ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲမှာ အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွန့်ဦးက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တက်ရောက်လာသည့် ကျောင်းသား/သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများမေး၍ ဖြေဆိုနိုင်သည့် ကျောင်းသားကျောင်းသူ ၈ ဦးတို့အား ဆုလက်ဆောင်များပေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး ဇာတ်လမ်းတိုလေးများ ပြသခြင်းများ ဆောင်ရွက်ပြီး ၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်မှ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြာသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး အထောက်ကူပြုအဖွဲ့(MORS)အတွင်းရေးမှူ(၂) ဦးမင်းဇော်ဖေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဦးလေးလွင်တို့မှ ကျောင်းသား/သူများအား ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ အချိုရည်ဗူး၊ မှုန့် နှင့် Amber ဆပ်ပြာရည်ဗူးများ လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အထောက်ကူပြုအဖွဲ့(MORS) အတွင်းရေးမှူး(၂)ဦးမင်းဇော်ဖေနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဦးလေးလွင် ၊အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွန့်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မသိန်းစိုးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၆)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသသော မူးယစ်ဆေးအန္တရာယ်အသိပညာပေး နံရံကပ်အား ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဝင်း( ပြန်/ဆက် )