သန်လျင်မြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းက သင်တန်းကျင်းပရခြင်း၏ ရည်ရွက်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းကျန်းမာရေး အဆင့်မြှင့် ဆင့်ပွားသင်တန်းအား သင်တန်းတာဝန်ခံ လက်ထောက်ပညာရေးမှူး ဒေါ်ရွှေစင်အိ၊ ကျန်းမာရေးဆရာမ ဒေါ်တင်နွယ်အေးနှင့် ဒေါက်တာစိုးထက်တို့မှ ဆက်လက်သင်ကြားပို့ချရာ သန်လျင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း (၈၁) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီး/ ကျောင်းကျန်းမာရေး တာဝန်ခံဆရာ ဆရာမ (၈၅) ဦးနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်း (၁၃) ဦး စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်နေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)