နမ့်စန်မြို့နယ်တွင် Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆို

နမ့်စန်(တ) ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်းအောက်ဆင့်၊ မူလတန်းအထက်ဆင့်နှင့် အလယ်တန်းအဆင့် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်၍ အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) စာစစ်ဌာနတွင် စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Placement Test (အထူးအစီအစဉ်)စာမေးပွဲကျင်းပနေမှုကို ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကြီးကြပ်ရေးမှူးများက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းသာယာစွာဖြေဆိုနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိသည်။

နမ့်စန်မြို့နယ်တွင် Placement Test (အထူးအစီအစဉ်)စာမေးပွဲ ပထမနေ့၌ မူလတန်းအောက်ဆင့် (Grade 1 ၊ Grade- 2၊ Grade-3) တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၆) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကိုလည်းကောင်း၊ မူလတန်းအထက်ဆင့် (Grade-4 ၊ Grade -5) တွင်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၉) ဦးက မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် (Grade-6 ၊ Grade-7 ၊ Grade-8) တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၉) ဦးက မြန်မာစာဘာသာရပ်ကိုလည်းကောင်း အသီးသီးလာရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် (၄) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(နမ့်စန်)