ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ(၇၂)ကြိမ်မြောက်သာသနဟိတပရိယတ္တိ စာပြန်ပွဲတော်နှင့် အကြိမ်(၇၀)မြောက် စာဖြေပွဲတော်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

ပင်းတယ ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဓမ္မာရုံတွင် ယမန်နေ့က မြို့နယ်လုံးဆိုင်ရာ (၇၂)ကြိမ်မြောက်သာသနဟိတပရိယတ္တိစာပြန်ပွဲတော်နှင့်အကြိမ် (၇၀)မြောက် စာဖြေပွဲတော်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံဃာတော်များနှင့်ဧည့်ပရိတ်သတ်များက နမောတသသုံးကြိမ်ရွတ် ဘုရားကန်တော့ကြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထိုနောက် ဧည့်ပရိတ်သတ်များက ရတနာသုံးပါးအား ရှိခိုးကန်တော့ကြကာ ဇောတိကာရုံကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်ကို ရွတ်ဆိုပွားများပေးတော်မူကြသည်။ ဆက်လက်၍ (၇၂)ကြိမ်မြောက် သာသနဟိတပရိယတ္တိစာပြန်ပွဲတော်တွင် ဆွမ်းခဲဘွယ်၊ စာအောင်ဆု၊ ဆွမ်းထာဝရအလှူရှင်များအား စာပွဲတော်ဥက္ကဋ္ဌက အနုမောဒနာဂုဏ်ပြုလွှာအားပေးအပ်ရာ အလှူရှင်များမှလက်ခံရယူခဲ့ကြပြီး၊ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များကစာအောင်သံဃာတော်များကို အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးကာ  အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု"  သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ   ပင်းတယမြို့နယ်လုံးဆိုင်ရာ စာပြန်၊ စာဖြေပွဲတော်တွင် စာရင်းရှိစာပြန်သံဃာတော် အပါး(၂၆၄) ပါး၊ ပျက်ကွက် (၄) ပါး၊ အောင်မြင်သည့် သံဃာတော် အပါး(၂၂၄) ပါးရှိကြောင်း၊ စာဖြေပွဲတော်တွင် စာရင်းရှိသံဃာတော် အပါး (၂၂၇) ပါး၊ ပျက်ကွက်(၅)ပါး၊ အောင်မြင်သည့် သံဃာတော် (၁၆၉) ပါးရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)