မိုးနဲ ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက မူးယစ်ဆေးဝါး၏အန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ လက်ဝယ်တွေ့ရှိခြင်းနှင့်သုံးစွဲသူများ ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းပြခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ဟောပြောပွဲလာရောက်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှမ်းဘာသာဖြင့် ဆက်လက်ဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်တို့အား ပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ဗဟုသုတရဖွယ် စာအုပ်/စာစောင်များအားပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြပြီး ထိုသို့ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတများရရှိခြင်း၊ အသိပညာများကိုပြန်လည်ဖလှယ်နိုင်ခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်လာခြင်းတို့အပြင် ဗလငါးတန်နှင့်ပါပြည့်စုံစေ့မည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို