ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် တောင်ကြီး၊ လွိုင်လင် သစ်ထုတ်လုပ်ရေးဒေသ ရပ်စောက်မြို့၊ မွေတော်သစ်ဆိပ်ရှိ သစ်မာလုံးများနှင့် တင်ဒါအောင်မြင်သည့် အငှားသစ်စက် (၆) စက်အား သွားရောက်ကြည့်ရှု

တောင်ကြီး  ဇွန် ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့သစ်လုပ်ငန်း၊ ရှမ်းပြည်နယ် ရပ်စောက်မြို့ရှိ မွေတော်သစ်ဆိပ်၌ သစ်မာသစ်လုံးများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သည့် ရပ်စောက်အငှားသစ်စက် (၆) စက်တို့အား ဇွန်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် ရပ်စောက်မြို့ရှိ မွေတော်သစ်ဆိပ်၌ လွိုင်လင်သစ်ထုတ်လုပ်ရေးဒေသမှ ရက်(၁၀၀)စီမံချက်အတွင်း အမှတ်(၁၂၇)သစ်စက်သို့ ပေးပို့ရမည့် သစ်မာ(၅၀၀)တန် ပို့ဆောင်မည့်အခြေအနေကိုလည်းကောင်း၊ မွေတော်သစ်ဆိပ်အတွင်းရှိ သစ်လုံးများအား ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနတို့အတွက် လပ်ပုံထိုင်ဆောင်ရွက်ထားရှိသည့်အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက သစ်လုံးများတွင် ပါရှိရမည့် တံဆိပ်အမှတ်အသားများကို  လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည့်စုံစွာပါရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်ကို အထူးဂရုစိုက်ရန်လိုကြောင်း၊ ပေးပို့ရမည့်သစ်မာလုံးများကို သတ်မှတ်ကာလအတွင်း အချိန်မီပို့ဆောင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် မွေတော်သစ်ဆိပ်ရှင်းလင်းဆောင်၌ တောင်ကြီးသစ်ထုတ်လုပ်ရေးဒေသနှင့် လွိုင်လင်သစ်ထုတ်လုပ်ရေးဒေသ သစ်မာလုံးများ သစ်ဆိပ်အဝင်အထွက်စာရင်းများ၊ သစ်မာလုံးများ၏ ကားတိုက်ပြေစာများ၊ သစ်အတိုင်းအတာစာအုပ်ပြုစုထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး၊ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့သစ်လုံးငန်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သစ်မာသစ်လုံး (၆၅၀၀) တန် ငှားရမ်းခွဲစိတ်ရန် တင်ဒါအောင်မြင်ခဲ့သည့် ရပ်စောက်မြို့ရှိ အငှားသစ်စက် (၆) စက်သို့ သွားရောက်၍ သစ်ကွင်းအခြေအနေ၊ သစ်စက်များ အင်ဂျင်ပိုင်းဆိုင်ရာအခြေအနေနှင့် လွှဝိုင်းခုံများ တပ်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ခွဲစိတ်မည့် သစ်လုံးများ ရောက်ရှိလာပါက သစ်စက်လုပ်ငန်းအား အမြန်ဆုံးလည်ပတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ်ကို ဂရုပြုရန် လိုအပ်ကြောင်း မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)