လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

လားရှိုး ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုအားကစားကွင်းရှိ လေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြသည့် မိုင်ဆုန်ခအသင်းနှင့် အောင်မင်္ဂလာ(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အကောင်းဆုံးနောက်ထိန်းဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု ရရှိသည့်ကစားသမားများအားလည်းကောင်း၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မိုင်ဆုန်ခအသင်း၊ အောင်မင်္ဂလာ(ခ)အသင်း၊ အောင်မင်္ဂလာ(က)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ၊ တံခွန်စိုက်ဖလားနှင့် ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့သည်။ အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၉ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)