မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မောက်မယ် ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ  ဒေသဖွံ့ဖြိုး‌ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော (VDP) ကျေးရွာကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်း အနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေတို့က အမှာစကားအသီးသီးပြောကြားပြီး တက်ရောက်လာကြသော ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်အမှတ် (၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးတို့က လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ဟိုနမ့်ကျေးရွာအုပ်စု၊ နောင်ပိုကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြစ်သည့်ငွေ ကျပ်သိန်း (၁၅၀) နှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြစ်သည့် ငွေကျပ်သိန်း (၁၅၀) နှင့် အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းပေါ်ရှိ တံတားအထူးအဖွဲ့ (၁၂) မှ တာဝန်ယူတည်ဆောက်နေသော ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၂၄၀) ပေ (ကျောင်းခုံ) တံတားနှင့် ပေ၇၀xပေ၃၀ (၂) ထပ်ကျောင်းဆောင်တည်ဆောက်နိုင်ရေး အခြေခံပညာမူလတန်းကျောင်း (ခွဲ) စျေးတန်း၏ မြေနေ ရာအားသွားရောက်ကြည့်ရှုပြီး ဝန်ကြီးနှင့် အဖွဲ့များသည် (၁၅-၅-၂၀၂၆) ရက်နေ့တွင် ပျံလွန်တော်မူသွားသည့် ပရိယတ္တိပါဒကစာသင်တိုက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တစန္ဒိမာ (သာသနဓဇဓမ္မာစရိယ) သက်တော် (၉၀) သိက္ခာတော် (၇၀) ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနရုပ်ကလာပ်တော်အား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ ကပ်လှူဒါန်းပူဇော်ပြီး အန္တိမအဂ္ဂိစျာပနအခမ်းအနားကျင်းပသည့်နေရာသို့ လိုက်ပါပို့ဆောင်တက်ရောက်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)