ဟိုပုံး ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အစားထိုး သီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက အစားထိုးသီးနှံပေးအပ်ရခြင်းရည်ရွယ်ချက်မှာ ဒေသအတွင်းဘိန်းစိုက်ပျိုးမှုလျော့နည်းလာစေရန်၊ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်၊ ဈေးကွက်ဝင်အထွက်နှုန်းကောင်းသော သီးနှံများပြောင်းလဲစိုက်ပျိုးလာစေရန်၊ တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်နိုင်စေရန်ဖြစ်ကြောင်းတို့ကို ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စငေါကျေးရွာ အုပ်စုနှင့် ဖက်ရမ်းကျေးရွာအုပ်စုရှိ တောင်သူများအား ရွှေရင်အေးစပါးမျိုး ၁၃၀ ကီလို၊ CP 808 ပြောင်းမျိုးစေ့ ၁၂၅ ကီလို၊ ကော်ဖီပျိုးပင် ၃၀၀၀ ပင်၊ ပိုက်ဆံလျှော်မျိုးစေ့ ၂၀ ပြည်နှင့် ဆေးဖြန်းရာတွင် အသုံးပြုသည့် ဝတ်စုံ(၂၀)စုံနှင့် သဘာဝမြေဩဇာ(၂၀)အိတ်တို့ကို အသီးသီးပေးအပ်သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးသည် တောင်သူများအား EM 5 ဖျော်ရည်ပြုလုပ်သုံးစွဲနည်း၊ သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲနည်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)အသုံးပြုနည်းများနှင့် ကော်ဖီပင်စိုက်ပျိုးနည်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)