လှည်ကူးမြို့နယ် စာဘူးတောင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

လှည်းကူး ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၏ လမ်းညွှန်မှုအရ စာဘူးတောင်းကျေးရွာအတွင်းရှိ အ.မ.က(အင်ကြင်းကွင်း)ကျောင်းတွင် ရက်(၁၀၀)အတွင်း ဆောင်ရွက်ရမည့်အကျိုးပြုလုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောင်းသား‌၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇွန်လ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်း‌ဆောင်ရွက်ရာတွင် တစ်ကိုယ်ရေသန့်ရှင်း‌ရေး၊ လက်ကိုစနစ်တကျဆေးကြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်တတ်သောရောဂါများအကြောင်း ပညာပေးခြင်း၊ ရောဂါပျံ့နှံမှုအကြောင်း၊ အစာနှင့်ရေသန့်ရှင်းရေးအကြောင်း၊ ကျန်းမာရေးကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းအကြောင်း၊ အာဟာရနှင့်ပတ်သက်ပြီး ပညာပေးခြင်း၊ နေ့စဉ်ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေး၊ နေ့စဉ်အစာအာဟာရမျှတစွာ စားသုံးနိုင်ရေးအကြောင်းများကို အသိပညာပေးဟောပြောခဲ့ပြီး၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်အမြင့်တိုင်းတာခြင်းနှင့် BMI တွက်ချက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါများကာကွယ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးများအား ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားခြင်းရှိမရှိ စစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများကို စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အိရွှေစင်လတ်