နေပြည်တော် ဇွန် ၁၂
၂၀၂၆ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းအမှတ်(၂) ကျောင်းအုပ်ကြီး ဦးမျိုးမင်းကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ဆောင်ပုဒ်သည် Red Card to Child Labour: Fair play for children, decent work for adults. "ကလေးသူငယ်များအတွက် မျှတဖို့၊ လူကြီးများအတွက် သင့်လျော်အလုပ်အကိုင်ဖန်တီးလို့၊ ကလေးအလုပ်သမားတားဆီးစို့ဖြစ်တဲ့အတွက် အဆိုပါ ဆောင်ပုဒ်ဟာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ ဆောင်ရွက်ရမယ့်လမ်းကြောင်းနဲ့ ဖြေရှင်းရမယ့် ပြဿနာအရင်းအမြစ်ကို အတိအကျ ထောက်ပြနေတာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်တွေကို အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီအတွင်းမှာရှိသည့် ကလေးသူငယ်များအလုပ်ခွင်သို့ မရောက်ရှိစေဘဲ ကျောင်းပြင်ပ ပညာရေးအခွင့်အလမ်းများအပါအဝင် အခြေခံပညာရေးကို လက်လှမ်းမီစေဖို့ တွန်းအားပေးဆောင်ရွက်နေသလို၊ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ခိုင်းစေခြင်းမရှိစေဖို့ ဥပဒေအရစစ်ဆေးကြပ်မတ်မှုတွေကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးငန်းစဉ်များကို အစိုးရအဖွဲ့သာမက လုပ်ငန်းရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ မိဘအုပ်ထိန်းသူများနှင့် ပြည်သူတစ်ရပ်လုံးလက်တွဲညီညီဖြင့် ကလေးငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ ပြန်လည်ရှင်သန်လာအောင်၊ ဘေးကင်းလုံခြုံသောလုပ်ငန်းခွင်များမှာ သင့်လျော်သော အလုပ်အကိုင်များရရှိပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော နိုင်ငံ့သားကောင်း ရတနာတွေဖြစ်လာအောင် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး နေပြည်တော် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က နေပြည်တော် ကလေးလုပ်သားစစ်တမ်း (၂၀၂၅-၂၀၂၆) အစီရင်ခံစာပါ အချက်အလက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဥမ္မာဆွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာထွန်းတို့မှ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဝင်းမောင်မောင်က နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့စုံ နှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)