ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ “ပညာရေးဖြင့် နိုင်ငံအနာဂတ်ဖော်ဆောင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကင်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ “ပညာရေးဖြင့် နိုင်ငံအနာဂတ်ဖော်ဆောင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ ဖိတ်ကြားထားသော ဆွေးနွေးပွဲဝင်များနှင့် ပညာရေးဒီဂရီကောလိပ်ပါမောက္ခများ၊ ကထိကများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားသည်။ ထို့နောက်လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ စေ့စပ်ညှိနှိုင်းသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်လူမှုရေးရာဘာသာရပ်များဌာန ပါမေက္ခဒေါ်တင်တင်ဝင်းတို့က ဆောင်ရွက်ခဲ့ကြပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) မှ မသုထက်အောင်၊ မောင်ပြည့်ဖြိုး၊ မောင်ဇင်မင်းထက်၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) မှ မနဒီရွှေလွှာ၊ သိပ္ပံဘာသာရပ်များဌာန ပါမောက္ခဒေါ်စန္ဒာကျော်တို့က ပညာရေး၏ အရေးပါမှု၊ လူငယ်များအတွက် အခွင့်အလမ်းများ၊ စာကြည့်တိုက်နှင့် အသိပညာရင်းမြစ်များ၏ အရေးပါမှု၊မိဘနှင့်လူမှု အသိုင်းအဝိုင်း၏ ပံပိုးမှုများကို အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပေးသူများအား ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်နှင့် ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

လှလှထွေး (ပြန်/ဆက်)