တာမွေမြို့နယ်၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး (ဒုတိယတန်း) ဦးအောင်မိုးထွန်းက ကြက်ခြေနီဆိုသည့်အဓိပ္ပာယ်၊ ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံ၊ ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းဆိုသည့် အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်၊ လူနာများအား ဆေးရုံမရောက်မီ သက်သာ‌မှုရရှိစေရန်နှင့် အသက်ဆုံးရှုံးမှုမှကင်းဝေးစေရန် ရှေးဦးပြုစုခြင်းကို စနစ်တကျအသုံးပြုနည်းများအား အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ ရှေးဦးပြုစုခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာအခြေပြုသင်တန်းတက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက်ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထက်တံခွန် (ပြန်/ဆက်)