ဟားခါး ဇွန် ၁၂
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဆဋ္ဌမနေ့ စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ထို့နောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်း ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ ဟာရ်မွန် ကွက်စိပ်ရှိ ပွန်ဇမန်လမ်းနှင့်ရေမြောင်းများ၊ မြေထိန်းနံရံများ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊ ဦးဝမ်းလျန်းထန်း၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ဖလမ်းမြို့ သောက်သုံးရေ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊ ဦးတင်ကာကျင်၊ တီးတိန်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်အတွက် အရေးပေါ် အရံလမ်းမကြီးတစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ်မေးခွန်းများကို မေးမြန်းပြီးနောက် တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)