မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မိုင်းပျဉ်း ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ၊ နီလာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေဦးစွာ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေးဆောင်ရွက်ကြရာ Grade-8 မှ မဆုစန္ဒီကျော်က “အီးစီးကရက်”၊ Grade-8 မှ  မောင်အာကာမိုးမြင့်က “လူငယ်နှင့်ဆေးလိပ်သောက်ခြင်း”၊ Grade-8 မှ မောင်စွမ်းစစ်ပိုင်က “လူငယ်နှင့်အရက်သောက်ခြင်း” နှင့် Grade-8 မှ မစုစန္ဒီမောင်က “ဘိန်း၊ ရာမ၊ Happy Water အကြောင်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)