တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသခြင်းနှင့် မျိုးစေ့၊ ဓာတ်မြေသြဇာပေးအပ်ပွဲကျင်းပ

တွံတေး ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပွဲ တောင်သူအသိပညာပေးလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ယနေ့နံနက် ၉ နာရီက ဘုရားငုတ္တို (မ) ကျေးရွာရှိ ကွင်းအမှတ် (၁၂၃)၊ ဦးပိုင်အမှတ် (၃၈/ ၁၊ ၃၇/ ၃) တောင်သူ ဒေါ်ခင်မာချိုနှင့် ဦးသိန်းငွေတို့၏ လယ်မြေစိုက်ဧက (၉.၀၂) ဧကတွင် ဆင်းသုခစပါးမျိုးစိုက်ပျိုးမှုကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးအပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်က မျိုးစေ့ချကိရိယာ (Seeder)နှင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်မှ တောင်သူတစ်ဦးအား မျိုးစေ့များပေးအပ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က တောင်သူတစ်ဦးအား ဓာတ်မြေသြဇာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် တွံတေးခရိုင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများက စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူများမှ စပါးစိုက်တောင်သူများကို မျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူ ဒေါ်ခင်မာချို၊ ဦးသိန်းငွေတို့၏ လယ်မြေ (၉.၀၂) ဧကတွင် လက်တွေ့မျိုးစေ့ချသရုပ်ပြခြင်း၊ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မှီခြင်း၊ အတန်းလိုက်ညီညာစွာစိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ခြင်း မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေမည်ဖြစ်ကြောင်းလည်း သိရသည်။

မျိုးလှိုင် (တွံတေး)