ရန်ကုန် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့သည် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် ရင်ချင်းဆက်အမွှာခွဲစိတ်ခြင်းအား အလှူငွေပေးအပ်သည်။
ထို့သို့ ပေးအပ်ရာတွင် ရန်ကုန်ကလေးဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးနှင့် တာဝန်ရှိသူများက ခွဲစိတ်ခြင်း အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အလှူငွေများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ ရင်ချင်းဆက်အမွှာသည် မန္တလေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နေ ဦးထွန်လင်းအောင်နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးများဖြစ်ကြပြီး ၎င်းတို့အား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်ရှိခဲ့ကာ လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်ကလေးဆေးရုံကြီး၊ ခွဲစိတ်ခန်းမကြီးတွင် စတင်၍ ခွဲစိတ်မှုများဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)