တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ထားဝယ်  ဇွန် ၁၂

ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေမှုအားကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများကို အားဖြည့်ဆေးဝါးများ၊ အာဟာရဖြည့်အစားအစာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အလားတူပင် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင် (၃၉)ဦးက သက်ဆိုင်ရာ ဆေးရုံကြီးများတွင် စုပေါင်းသွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

သွေးလှူဒါန်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်မိသားစုဝင်များက ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)