ရန်ကုန် ဇွန် ၁၂
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူယောင်းအားကစားရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် အားကစားသမားဆု၊ အမျိုးသား အကောင်းဆုံးဆုရရှိသည့် အားကစားသမားဆုနှင့် ကကွက်တံခွန်စိုက်ဆုရရှိသည့် မင်္ဂလာတောင်ညွှန့် မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကကွက်တံခွန်စိုက်ဆုတို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရွှေတံဆိပ်ဆု (၄) ခု၊ ငွေတံဆိပ်ဆု (၁) ခုနှင့် ကြေးတံဆိပ်ဆု (၂) ခုတို့ဖြင့် အတိုက်တံခွန်စိုက်ဆုရရှိသည့် သာကေတမြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အတိုက်တံခွန်စိုက်ဆုတို့ကို ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို အသင်းပေါင်း (၃၇) သင်း အားကစားသမား (၂၆၄) ဦးဖြင့် ဇွန်လ (၉) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)