လိုင်လင်းပီမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ(ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကျင်းပ

လိုင်လင်းပီ ဇန်နဝါရီ ၂၀

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ် ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကို ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေး ရှင်းလင်းပွဲတွင် မြို့အုပ်ချုပ်ရေးမှူး၊ ဦးဇော်ထိုက်မှ အမှာစကားပြောကြားပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်းများနှင့် ရွေးချယ်ခန့်ထားရေး အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး အဆိုပါ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အသစ်ပြန်လည်ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ နှင့်ပက်သက်၍ သိလိုရာများကို တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ မေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေး ရှင်းလင်းပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယာကမ်(ပြန်/ဆက်)