ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား ဘက်စုံထူးချွန်ထက်မြက်စေရေးတို့အတွက် ဝန်ထမ်းစွမ်းရည်မြှင့်တင်သင်တန်းများ စဉ်ဆက်မပြက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အခမ်းအနားမှူးသင်တန်းကို ဇွန် ၈ ရက်နေ့မှ စတင်ကာဖွင့်လှစ်ခဲ့ပြီး ဇွန် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲကို တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ သင်တန်းသူများက သင်တန်းတွင်ပို့ချခဲ့သည့် အခမ်းအနားမှူးတစ်ယောက်၏ ဆောင်ရွက်ရမည့်အချက်များ၊ ပြောကြားရမည့်အကြောင်းအရာများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူတို့က အကဲဖြတ်အမှတ်ပေးခဲ့ကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက “ Master of Ceremony(MC) တစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ အသံပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှုအပိုင်း၊ မိုက်အသုံးပြုမှုများနှင့် အခမ်းအနားမှူး ဆောင်ရန်/ရှောင်ရန်အချက်များ” စသည့်အကြောင်းအရာများကို သင်ကြားပို့ချခဲ့ပြီး မန္တလေးခရိုင်အတွင်းရှိ သင်တန်းသူ(၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)