ဟားခါး ဇွန် ၁၂
တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့ နှင့် တွန်းဇံမြို့များတွင် ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်း ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက် ကနဦးစီစဉ်မှုအဖြစ် ဆန် ၊ ဆီနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ ၊ သွပ် ၊ သွပ်ရိုက်သံ တို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် တပ်မတော်လေယာဉ်များဖြင့် ဖလမ်းမြို့နယ်အတွက် ကျောင်း သုံးပြဌာန်းစာအုပ် ( ၃၂၈၁၉ ) အုပ် ၊ ဗလာစာအုပ် ( ၅၀၀၀ ) ဒါဇင် ၊ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ် အတွက် ရွေ့လျားခွဲစိတ်ခန်းနှင့် စက်ကိရိယာများ ၊ အောက်ဆီဂျင်စက်နှင့် မွေးကုတင်များ ၊ ပဋိဇီဝ ဆေးများနှင့် သွေးကြောသွင်းဆေးရည်များအား မန္တလေးမြို့မှ ကလေးမြို့သို့ ပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့နိုင်ရေး ဒေသ၏လိုအပ်ချက်များအပေါ်မူတည်၍ ထပ်မံဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပြည်နယ်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်မေလ ၂၄ ရက်နေ့မှ ယနေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း ၃,၀၀၀ ၊ စားသုံးဆီ (၁၀) တန် ၊ ဆန်တန်ချိန် ( ၅၀ ) ၊ မိသားစုသုံးပစ္စည်းစုံနှင့် တစ်ကိုယ်ရည် သုံးပစ္စည်းစုံ အိမ်ထောင်စု (၆၀၀) စာ ၊ ဘိလပ်မြေတန် (၂၀)၊ အမိုးသွပ်တန် (၂၀)၊ သွပ်ရိုက်သံ (၂၄၆) ပိဿာ ၊ ကျောင်း သုံးပြဌာန်းစာအုပ် ( ၁၂၆၇၀၉ ) အုပ် ၊ ဗလာစာအုပ် ( ၉၇၅၀ ) ဒါဇင်တို့ကို ပို့ဆောင်ပေးထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)