တာမွေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဉာဏ်ထက်ခိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းတို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်ကိုက ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်သည့် အမျိုးသားရေးတာဝန်များ၊ ပြည်သူတွေအနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူများအား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဉာဏ်ထက်ခိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ ရပ်ရွာအခြေပြုသင်တန်းတက်ရောက်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင် (တာမွေ)