ကမ္ဘာ့အမွေအနှစ် ပုဂံဒေသအတွင်းရှိ ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိသော ရှေးဟောင်းအဆောက်အအုံများအား အသေးစိတ် မှတ်တမ်းပြုစုခြင်းလုပ်ငန်းအဖြစ် ငဖုန်းသင်ယောင်ဂူ (ရှေးဟောင်းအဆောက်အအုံအမှတ်-၁၅၃၆) ဘုရားအား ဆောင်ရွက်လျက်ရှိ

ညောင်ဦး ဇွန် ၁၂

ကမ္ဘာ့အမွေအနှစ်ပုဂံဒေသရှိ နံရံဆေးရေးပန်းချီများသည် မသမာသူများ၏ ခိုးယူမှုခံရခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ လူတို့၏ ဖျက်ဆီးမှုခံရခြင်းနှင့် အခြားဘေးအန္တရာယ်တို့ကြောင့် ပျက်စီးမှုများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံကသရသည်။

အဆိုပါ နံရံဆေးရေးပန်းချီများသည် နှစ်ပေါင်း(၁ဝဝဝ)ကျော် ကြာမြင့်နေပြီဖြစ်သည့်အတွက်စနစ်တကျမှတ်တမ်းပြုစုခြင်းနှင့် နံရံဆေးရေးပန်းချီရှိသော ရှေးဟောင်းအဆောက်အအုံများ အား အဆင့်သတ်မှတ်ခြင်း (Grading) ဆောင်ရွက်ထားရှိပြီး နှစ်စဉ် Priority အလိုက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ပါ၍ မြန်မာ့ယဉ်ကျေးမှုဗိသုကာလက်ရာများဖြစ်သည့် ရှေးဟောင်းဂူဘုရား၊စေတီ၊ ပုထိုး၊ အုတ်ကျောင်း၊သိမ်နှင့်ဥမင်များစသည့် ရှေးဟောင်းအဆောက်အအုံများ ပိုမိုတိုးတက်ဖော်ထုတ် နိုင်ရန်နှင့် မြန်မာ့သမိုင်းအတွက် အလွန်အရေးပါသည့် မြန်မာမှုဗိသုကာ လက်ရာ အဆင်တန်ဆာများ၊ မြန်မာမှုအတတ်ပညာများ၊ယဉ်ကျေးမှုအမွေအနှစ်များ သဘာဝ ဘေးအန္တရာယ်၊ လူသားတို့ ပြုမူမှုဘေးအန္တရာယ်တို့မှ ကာကွယ်နိုင်ရေးအတွက် ပုဂံဒေသရှိ ရှားပါးအနုလက်ရာများဖြစ်သည့် နံရံဆေးရေးပန်းချီများနှင့် အင်္ဂတေပန်း လက်ရာများအား အသေးစိတ်မှတ်တမ်းပြုစုခြင်း သုတေသနလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၆ ခုနှစ်တွင် ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိသော ရှေးဟောင်းအဆောက်အအုံ (၅ )ဆူကို ရွေးချယ်ဆောင်ရွက်လျက်ရှိရာ ငဖုန်းသင်ယောင်ဂူဘုရားသည် ရွှေဆံတော်ဘုရား၏ အနောက် တောင်ဘက်တွင်တည်ရှိသော ဂူဘုရားငယ်တစ်ဆူဖြစ်သည်။ ငဖုန်းသင်ယောင်ဂူဘုရားသည် ပုဂံခေတ်နှောင်းပိုင်း ၁၃ ရာစုလက်ရာဖြစ်ပြီး ရှေးဟောင်းအ ဆောက်အအုံအမှတ် ၁၅၃၆ ဖြစ်သည်။ ကုလားကျောင်းခံအထက် ကွမ်းတောင်ပေါက်၍ မုခ်အဝင်သည် အရှေ့ဘက်သို့ လှည့်ထားသော ဂူဘုရားတစ်ဆူဖြစ်ပါသည်။ ငဖုန်းသင် ယောင်ဟူသောအမည်သည် ထိုဂူဘုရားအတွင်းတွင်တွေ့ရသော မင်စာတစ်ခုအပေါ် အစွဲပြု၍ ခေါ်ဝေါ်ကြသောအမည်ဖြစ်သည်။ ငဖုန်းသင်ယောင်ဂူဘုရား အတွင်းဘက်တွင် စိတ်ဝင်စားဖွယ် စက်ဝန်းပန်းချီများ အပါအဝင် အခြားသောပန်းချီများ ရေးဆွဲထားသည်ကိုလည်းမြင်တွေ့နိုင်သည်။ ပန်းချီများတွင် ဗုဒ္ဓဘာသာ ကျမ်းဂန်လာစကြာဝဠာကြီး တည်ရှိပုံကိုလည်းရေးဆွဲထားသည်။ ငဖုန်းသင်ယောင်ဂူဘုရားရှိ ပန်းချီများသည် ကျမ်းဂန်လာ စကြာဝဠာတည်ရှိပုံနှင့် ဗုဒ္ဓ၏စာပေကျမ်းဂန်လာ ဒေသနာတော်များကို ဖော်ညွှန်းသရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှားပါးနံရံဆေးရေးပန်းချီ များအား ရေရှည်တည်တံ့စေရန်နှင့်သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်စေရန်အတွက် အသေးစိတ် မှတ်တမ်းပြုစုလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း