ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇွန် ၁၂

၂၀၂၆ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိ ပညာပေးဆွေးနွေးပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Swallow Hotel တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းကော်မတီ (၈) ရပ်မှ အတွင်းရေးမှူးများ၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီးတာဝန်ခံ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ၊ စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်နှင့် မန်နေဂျာများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အသိအမြင် ဗဟုသုတများအား အများပြည်သူများ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များအား ခေါင်းပုံဖြတ်ခံရခြင်း၊ အသက်အရွယ်နှင့်မလိုက်သော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေရခြင်းများကို နိုင်ငံတကာမှ ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization -ILO) က ၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ (World Day Against Child Labour) ကို စတင်သတ်မှတ်ခဲ့၍ ဇွန်လ (၁၂) ရက်နေ့တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကလေးများပေါ်တွင် များစွာမူတည်နေပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစစ်ဆေးရေးမှူး ဒေါ်ငြိမ်းမိုးရွှေက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား လည်းကောင်း၊ မဟာအောင်မြေခရိုင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းလဲ့လဲ့ရည်က တည်ဆဲအလုပ်သမားရေးရာဥပဒေများပါ ကလေးများအလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)