ပြည်ကြီးတံခွန် ဇွန် ၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ မန္တလေးမှကြီးမှူး ကျင်းပသော ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကိုမန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးခင်မာဝင်းက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းနှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး ရက်တိုသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းနည်းပြ (၃)ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၉၂ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)ဒုတိယတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ဇော်မြင့်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)