ပြည်ကြီးတံခွန်မြို့နယ်၌ အခြေခံပညာဦးစီးဌာန Football For  School  Program Launching  Ceremony တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန်  ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်း၌ ယနေ့နံနက် ၇ နာရီက ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံပညာဦးစီးဌာန Football For School Program Launching Ceremony တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အားကစားနည်းပြ၊ စစ်ကြောင်းမှူးနှင့် ကျောင်းသား၊ ကျောင်းသူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများအတွက် Adidas No.4 ဘောလုံး ၄၅၇၆ လုံးအား ပေးအပ်လှူဒါန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက လက်ခံရယူခဲ့သည်။

ယင်းနောက် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဘောလုံးများကို ကွင်းအတွင်းသို့ ဘောလုံးများပို့ဆောင်ပေးခဲ့ပြီး အားကစားအသင်းနည်းပြ ၅၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးတို့က Football For School သင်ခန်းစာများ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ သရုပ်ပြနေရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)