တောင်ကြီး ဇွန် ၁၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းအုပ်ကြီးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပျက်ရရှိစေရန် ရေတိုရေရှည်စီမံချက်များဆွဲ၍ စနစ်တကျ အကောင်ထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ယခင်ထက်ပိုမိုရရှိစေရန် နည်းပြနှင့်အားကစားသမားများက ခံယူချက်ထားပြီး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အားကစားမြင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံဂုဏ်ကိုမြှင့်တင်ကြရန်လည်းလိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီးမှ ကျောင်း၏လိုအပ်ချက်များကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာသောဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ရေကူးကန်အားလည်းကောင်း၊ ဘောလီဘောလေ့ကျင့်ရေးရုံနှင့် ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံအားလည်းကောင်း၊ လက်ဝှေ့လေ့ကျင့်ရေးရုံအားလည်းကောင်း၊ ပြေးခုံပစ်အားကစားကွင်းနှင့် ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ထို့မှတဆင့် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ အားကစားကွင်းသို့ရောက်ရှိပြီး အသစ်ဆောက်လုပ်ပြီးဖြစ်သည့် အားကစားရုံနှင့် အားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦရေရှည်တည်တံ့စေရေးနှင့် အားကစားကွင်း ဥပဓိရုပ်ကောင်းမွန်ရေး ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကလောမြို့နယ်အားကစားကွင်းတို့ရောက်ရှိပြီး ကလောမြို့နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အထွေထွေတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် Pilot project အစီအစဉ်ဖြင့် Football for School program အရ အရည်ချင်းမြင့်မားသည့် အားကစားသမားများ ပေါ်ပေါက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဘောလုံးသင်တန်းများ လေ့ကျင့်သင်ကြားပို့ချပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက သင်တန်းသား/ သင်တန်းသူများအား အားဖြည့်အချိုရည်များပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)