မိတ္ထီလာမြို့နယ်၌ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ဇွန် ၁၁ ရက် နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။

လူငယ်စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းမှအဖွဲ့ဝင် စာရေးဆရာကိုသစ္စာ (ထီလာ)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စာဖတ်ဝိုင်းကို ကျင်းပရာ စာရေးဆရာဖေမြင့် ရေးသားသည့် ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်အား ကျောင်းသားကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး စာရေးဆရာမြင့်မားအောင်က ဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကြသည်။

အဆိုပါလူငယ်စာဖတ်ဝိုင်းကို မြို့နယ်အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က (၅)နှင့် အ.ထ.က(ခွဲ) အောင်ဇေယျာတို့မှ ကျောင်းသားကျောင်းသူများက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)