ကျောက်ဆည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝရှေ့ အလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာ သည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကိုဆိုလိုကြာင်း ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံ သောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်း စသည့်အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)