ငါန်းဇွန် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲက ဆောင်ရွက်သည်။
ဦးစွာ ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်များ၊ မိသားစုများ၊ ကျောင်းများနှင့် လူမှုအသိုင်းအဝိုင်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိက ဆောင်ရွက်သင့်သည့်အချက်များမှာ ပညာရေးရရှိခွင့်တိုးမြှင့်ပေးခြင်း၊ မိသားစု၏ စီးပွားရေးအခြေအနေမြှင့်တင်ပေးခြင်း၊ ဉပဒေများကို ထိရောက်စွာအကောင်အထည်ဖော်ခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကလေးကိုကာကွယ်စောင့်ရှောက်ခြင်းနှင့် လူမှုအသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုတို့ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး၏ အဓိကသော့ချက်မှာ ကလေးတိုင်း ကျောင်းတက်နိုင်ရန်၊ လုံခြုံစွာကြီးပြင်းဖွံ့ဖြိုးနိုင်ရန်၊ ဆင်းရဲနွမ်းပါးမှုလျော့နည်းစေရန်တို့ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး နံရံကပ်စာစောင်များ၊ ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)