မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မြိတ်  ဇွန်   ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်သည်။

အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေဇင်ဦးက ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကိုယ် တိုင်ကိုယ်ကျ သိရှိနားလည်ပြီး သတိပြုရှောင်ရှားတတ်ကြစေရန်၊ အမျိုးသား​ရေး တာဝန်ဖြစ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်တတ်စေရန်၊ အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား/သူများအနေဖြင့်  အရည်အသွေးနှင့် အရည်အချင်းများ ပြည့်ဝသူများဖြစ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားအောင် လေ့လာလိုက်စားကြရန် လိုအပ်ကြောင်း  ပညာပေး ဟောပြောသည်။

ဆက်လက်၍ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချိုချိုစန်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် စာပေဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ လာရောက်ငှားရမ်းဖတ်ရှုကြရန်၊ စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ပြည်သူ့နီတိအ​ကြောင်းများကို ဟောပြောသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာပေများအား ကြည့်ရှု​လေ့လာခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)