မြစ်သားမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ ပုံ‌တူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ

မြစ်သား     ဇွန်     ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပုံတူပန်းချီဆွဲ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၀ ရက် မွန်းလွဲပိုင်းအချိန်က အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသောအသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ ကလေးများကိုအန္တရာယ်ရှိစေနိုင်သည့်အလုပ်၊ ပြင်းထန်ပြီးထိခိုက်ဒဏ်ရာရစေသည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာလုပ်ရသောအလုပ်များကို ခိုင်းစေမှုမပြုရကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့ပြီး  ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က ကျောင်းသား/ကျောင်းသူများ ကိုအသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်၊  ပြောရဲဆိုရဲသောသတ္တိများရှိစေရန် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ လာစေရန် ဟောပြောသည်။

ထို့နောက် ကျောင်းသား‌၊ ကျောင်းသူ ၂၁ ဦးပါဝင်ယှဉ် ပြိုင်ခဲ့ရာ အကောင်းဆုံး ငါးဦးအားအမှတ်တရလက်ဆောင်များပေးအပ်သည်။    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ရေဘေးအန္တရာယ်အသိပညာပေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)