ကျောက်ဆည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဇွန် ၁၀ ရက် နံနက်ပိုင်းက တစ်ပြိုင်တည်းဝါကောက်သိမ်းနိုင်မည့်နည်းစနစ်များနှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပသည်။
သရုပ်ပြပွဲတွင် လွန်ကျော်ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ်က သရုပ်ပြဝါစိုက်ခင်းသည် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးကြိုရာသီ၌ ရွှေတောင်-၁၀ ဝါမျိုးဖြင့် ၁၀ ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာ၌ တစ်ပြိုင်တည်း ဝါပေါက်စေရန် အပင်ရက်သားအလိုက် အပင်ကြီးထွားမှုထိန်းညှိဆေး၊ ထိန်းချုပ်ဆေးများ သုံးစွဲရမည့်နှုန်းထားများ၊ အနည်းလိုအာဟာရဓာတ်များအား ရွက်ဖျန်းမြေဩဇာအဖြစ် ဖြည့်စွက်သုံးစွဲမှုနှင့် ဓာတ်မြေဩဇာများအား အချိုးကျရောစပ်သုံးစွဲရမည့် နည်းစနစ်များအကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းထိန်က စိုက်ပျိုးရေး၏နည်းပညာသည် ခေတ်ကာလအလိုက် ပြောင်းလဲနေသည့်အတွက် ဝါမျိုးစေ့နှင့်စပ်လျဉ်း၍ Gamma Ray အသုံးပြု၍ Plasm Radiation ပေးခြင်းဖြင့် ဗီဇဆဲများပြောင်းလဲ၍ ရေငတ်ဒဏ်၊ ဆားငတ်ဒဏ်ခံနိုင်ရည်ရှိမည့် ဝါမျိုးများအားမြို့နယ်များနှင့်ခြံများ၌ စမ်းသပ်စိုက်ပျိုး လျက်ရှိပြီး၊ လက်ရှိစိုက်ပျိုးနေသော ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၆ ဝါမျိုးများသည် သီးလုံးဖောက်ပိုးဒဏ် ခံနိုင်ရည်ရှိသောဝါမျိုးများဖြစ်ပြီး နှစ်ပေါင်းကာလကြာရှည်နေပြီဖြစ်တဲ့အတွက် ဝါမျိုးသစ်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ မျိုးသစ်(၁)မျိုးထွက်ရှိရန် နှစ်ပေါင်းများစွာ အချိန်ကာလကြာမြင့်ကြောင်း၊ တောင်သူများအနေဖြင့် ဌာနမှဖြန့်ဖြူးပေးနေသည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀စသည့် ဝါမျိုးကောင်းမျိုးသန့်မျိုးစေ့များကို မျိုးခံ၍ ကိုယ်တိုင်မျိုးစေ့ထုတ်စိုက်ပျိုး သွားကြရန် ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တောင်သူများမှ လွန်ကျော်ခြံ၌ စိုက်ပျိုးထားသော တစ်ပြို်ငတည်း ဝါကောက်သိမ်းနိုင်မည့် နည်းစနစ်များ သရုပ်ပြစိုက်ခင်း ၁၀ ဧကနှင့် ချည်မျှင်ချည်ဝါမျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧကတို့အား ကွင်းဆင်းလေ့လာကြည့်ရှု့ခဲ့ပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ ကွင်းတာဝန်ခံများမှ ရှင်းလင်းဖြေကြားသည်။ ကွင်းသရုပ်ပြပွဲသို့ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦဝင်းထိန်၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစံအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဌာန၊ မြေစာရင်းဌာန၊ ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်မြို့နယ်တို့မှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ ဝါသီးနှံစိုက် တောင်သူများ၊ စုစုပေါင်း ၈၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဝါစိုက်တောင်သူများအနေဖြင့် အကြိမ်ကြိမ်ခွဲ၍ ဝါကောက်ရသည့် လုပ်သားစရိတ်နှင့် လုပ်သားရှားပါးမှုပြဿနာများ မကြုံတွေ့ရခြင်း၊ တစ်ကြိမ်တည်းဖြင့် ဝါကောက်သိမ်း နိုင်သည့်အတွက် အကျိုးအမြတ်ပိုမိုရရှိမည့် အကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)