အောင်မြေသာစံမြို့နယ်၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေး ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကျန်းမာပညာ) ဒေါ်ပွင့်ဦးအိမ်နှင့် အောင်မြေသာစံဒေသန္တရကျန်းမာရေးဌာန(ခွဲ)မှ အခြေခံကျန်းမာရေးဝန်ထမ်းငါးဦးတို့ပူးပေါင်း၍ ဇွန် ၁၁ရက် နံနက်ပိုင်းက မင်းတဲအီကင်းရပ်ကွက် နှင်းဆီအိမ်ယာ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ဆေးစိမ်ခြင်ထောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ကြသည်။

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကျန်းမာပညာ)ဒေါ်ပွင့်ဦးအိမ်က ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံများအကြောင်းနှင့်သန့်(၄)သန့်အကြောင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းမော်နှင့် ဒေါ်နော်နော်ထိုက်တို့က ကာကွယ်ဆေးများအကြောင်း၊ ယင်လုံအိမ်သာရာနှုန်းပြည့်ရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းတို့ကို ဟောပြောကြသည်။

ဆက်လက်၍ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဟောပြောပွဲသို့တက်ရောက်လာသော ရပ်ကွက်နေပြည်သူ  စုစုပေါင်း၁၅၀တို့အား ဆေးစိမ်ခြင်ထောင်များဖြန့်ဝေပေးပြီး လာရောက်ပြသသည့် လူနာများအား ဆေးကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(မြင့်မော်ထွန်း၊မြို့နယ်ပြန်/ဆက်)