မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုစီမံချက်အရ ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၁

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်ရှိ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်တစ်ခုဖြစ်သော အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က Multi Large Display ကို ဖွင့်လှစ်ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။ ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပတ်သက်သည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) စီမံကိန်းဆောင်ရွက်နိုင်ခြင်း၏ အကျိုးကျေးဇူးများ၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေနိုင်မှုအခြေအနေများနှင့် စီမံကိန်းကို အထောက်အပံ့ပေးခဲ့သော အိန္ဒိယနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်အထောက်အကူပြုရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် လိုအပ်သည့်အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အိန္ဒိယသံအမတ်ကြီးထံသို့ စီမံကိန်းပြီးမြောက်ခြင်းဆိုင်ရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း (ပြန်/ဆက်)