တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်  ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ဆက်လက်ကျင်းပ

ဟားခါး ဇွန် ၁၁

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် စတုတ္ထနေ့စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ (၆၀)၊ (၆၁) အရ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ဒေါ်နှင်းကေသီဝင်းက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင်  ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

ယင်းနောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်း ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလျာထားမှုစာရင်းထဲတွင် မပါရှိကြောင်း တွေ့ရှိရပါသဖြင့် လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလျာထားမှုစာရင်းထဲတွင် ထည့်သွင်းရန် အစီအစဉ်ရှိ/ မရှိသိရှိလိုသည့်မေးခွန်း၊ ဦးဇမ်းရှင်းဒါလ်း တွန်းဇံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၂)က တီးတိန်မြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော သမားတော်များ၊ အထူးကု ဆရာဝန်များ စေလွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်း၊ ဦးတင်ကာကျင်၊ တီးတိန်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့နယ် ထန်းဇန်ကျေးရွာနှင့် တက်လွီး ကျေးရွာကြားရှိ ဖောက်လုပ်ဆဲလမ်းအား ပြီးစီးအောင် ဖောက်လုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးစောထွန်း နှင့် ဦးဝမ်လျန်းထန် ဖလမ်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၂)တို့က ဆက်စပ်မေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ထို့နောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် အဆိုပြုတင်သွင်းသည့် ချင်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ ကော်မတီဝင်များအမည်စာရင်းနှင့် ချင်းပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာကော်မတီ၊ ကော်မတီအဖွဲ့ဝင်များ၏ အမည် စာရင်းကိုပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကာ ချင်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)