ကျောက်မဲ ဇွန် ၁၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လားရှိုးနှင့် ကျောက်မဲပြည်သူ့ဆေးရုံတို့မှ ဆေးရုံအုပ်ကြီးများ၊ ကျောက်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာနှင့် မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ/မရှိသွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ၊ ကလေးကျန်းမာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး/အကြောရောဂါပညာ၊ မျက်စိ/နား/ နှာခေါင်း/ လည်ချောင်း/ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော/ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော် စသည့် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသခဲ့ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၁၀၃၂) ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ၂၀၂၆ ခုနှစ် ဇွန်လ မှ ဇူလိုင်လ အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နောင်ချို၊ မိုင်းရယ်၊ တန့်ယန်းနှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)